Sunday, August 1, 2010

love story

ကျွန်မနဲ့ မောင်ဟာ ငယ်စဉ်ကတည်းက အတူတူ ဆော့ကစားရင်း ကြီးပြင်းလာတဲ့
သူငယ်ချင်းတွေပါ… ကျွန်မဟာ မောင့်အပေါ်မှာ မနှစ်ကအချိန်ထိ သူငယ်ချင်း
တစ်ယောက်လိုဘဲ စိတ်ထဲရှိခဲ့ပေမဲ့ ကျွန်မတို့၂ယောက် ခရီးတစ်ခု အတူတူ သွားကြတဲ့
အချိန်မှာတော့ မောင့်ကို ကျွန်မ ချစ်နေတယ် ဆိုတာ သိလိုက်ပါတယ်..
ကျွန်မမောင့်ကို ချစ်နေတဲ့အကြောင်း မောင်သိအောင် ပွင့်ပွင့်လင်းလင်း ၀န်ခံ
လိုက်မိပါတယ်.. ဒါကြောင့်လဲ မကြာခင်မှာ ကျွန်မတို့ ၂ယောက်ဟာ စုံတွဲလေး တစ်တွဲ
ဖြစ်လာခဲ့ပါတယ်..
ကျွန်မ မောင့်ကို သိပ်ချစ်မိတဲ့ အတွက် ကျွန်မရဲ့ စိတ်အာရုံ အားလုံးကို
သူ့အပေါ်မှာဘဲ စူးစူးစိုက်စိုက် ထားရှိပါတယ်.. ဒါပေမဲ့ မောင် ကတော့ ကျွန်မလို
မဟုတ် ပါဘူး သူ့မှာ မိန်းခလေးပေါင်း များစွာရှိပါတယ်.. မောင် ဟာကျွန်မအတွက်
တစ်ဦးတည်းသော သူ ဖြစ်ပေမဲ့ ကျွန်မကတော့ သူ့အတွက် မိန်းခလေးများစွာ ထဲကမှ
တစ်ယောက် အပါအ၀င်ပါ…


“မောင်ရေ.. ဒီနေ့ ရုပ်ရှင်ကောင်းတယ် သိလား..သွားကြည့်ရအောင်လေ..” ကျွန်မက
သူ့ကိုပြောလိုက်ပါတယ်…


“ ဟာ… သွားလို့မဖြစ်ဘူး”
“ ဟင် ..ဘာလို့လဲ ..အိမ်မှာ စာကြည့်မလို့လား”


“မဟုတ်ပါဘူး.. သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့စရာရှိလို့ပါ…”


မောင်ဟာ အမြဲတမ်း အဲလိုပါဘဲ…. သူဟာ တစ်ခြား မိန်းခလေးတွေနဲ့ ကျွန်မရှေ့မှာတင်
တွေ့တဲ့အခါ တွေ့တတ်ပါတယ်.. အဲလို တွေ့ချိန်မှာလည်း သူ့ဘက်က ဘာမှ မထူးဆန်းတဲ့
အလုပ်တစ်ခုခုကို ပုံမှန် လုပ်နေသလိုမျိုးပါဘဲ….. ကျွန်မဟာ မောင့်အတွက် ဘာမှ
မထူးဆန်းတဲ့ သာမန်မိန်းခလေး တစ်ယောက် ပါဘဲလား…. ချစ်တယ် ဆိုတဲ့ စကားကိုလည်း
ကျွန်မကသာ မောင့်ကိုပြောခဲ့ပေမဲ့ မောင့်ပါးစပ်ကတော့ ဒီနေ့အထိ ချစ်တယ်ဆိုတာ
တစ်ခါမှာကို မပြောခဲ့ဖူး သေးပါဘူး… ရက်ပေါင်း ၁၀၀… ရက်ပေါင်း၂၀၀ .. စသည်ဖြင့်
ချစ်သူသက်တမ်းသာ ကြာလာတယ်… ချစ်တယ် ဆိုတဲ့ စကားကိုတော့ သူ့ပါးစပ်က ဘယ်တော့မှ
မပြောခဲ့ပါဘူး… ကျွန်မတို့၂ယောက် ကြားမှာ ချစ်သက်တမ်း အထိမ်း အမှတ် ဆိုတာလည်း
မရှိခဲ့ပါဘူး… မောင်ဟာ ချစ်တယ်ဆိုတဲ့ စကားကိုပြောဖို့ ဘာကြောင့်များ ဒီလောက်
တွန့်တို နေတယ် ဆိုတာ ကျွန်မ မတွေးတတ်တော့ပါဘူး…ချစ်သူစဖြစ်
တဲ့ နေ့ကစပြီး မောင်
မပျက် ကွက် လုပ်တဲ့ အလုပ်တစ်ခုက တစ်နေ့ကို အရုပ်လေးတစ်ရုပ် ကျွန်မကို
ပေးခြင်းပါဘဲ… ဒီနေ့ထိ တစ်ရက်မှကို မပျက်ကွက် ခဲ့ပါဘူး… ဒီအရုပ်တွေကို
ဘာသဘောနဲ့ မောင်ပေးနေတယ် ဆိုတာလဲ ကျွန်မ မသိခဲ့ပါဘူး…



တစ်နေ့တော့ ကျွန်မက မောင့်ကို စကားစဖို့ ကြိုးစားတယ်…


“ မောင်… ငါ..ငါလေ”



“ ဘာတွန့်ဆုတ်ဆုတ်ဖြစ်နေတာလဲဟ.. ပြောလေ”


“ငါ နင့်ကိုချစ်တယ်”


“ ဟမ်.. နင်က ..ဟုတ်လား အရူးထမနေနဲ့……ရော့ရော့ ဒီအရုပ်ကိုယူ.. ပြီးရင်
အိမ်ထဲဝင်တော့..”



ကဲကြည့်.. ကျွန်မရဲ့အချစ်တွေကို မောင်ဟာ ဘယ်လောက်တောင် ဥပက္ခာပြုတယ် ဆိုတာ..
အရုပ်လေး ပေးပြီးတာနဲ့ ကျွန်မရှေ့ကနေ တစ်ခါတည်း ပျောက်ကွယ် သွားတော့တာဘဲ..
ပြေးပြီး ထွက်သွားသလား အောက်မေ့ ရလောက်အောင် လျှင်မြန်လွန်းနေတယ်.. သူ့ဆီက
နေ့စဉ်နေ့တိုင်း ရနေတဲ့ အရုပ်ကလေး တွေဟာ ကျွန်မ အခန်း တစ်ခုလုံး တစ်ဖြေးဖြေးနဲ့
ပြည့်လာတယ်… အရုပ်လေးတွေမှ အများကြီးပါဘဲ…..



ဒီနေ့ဟာ ကျွန်မရဲ့ ၁၉ နှစ်မြောက် မွေးနေ့ပါ.. ကျွန်မ မနက်အစောကြီး
အိပ်ရာကနေထတယ်.. သူနဲ့ အတူ မွေးနေ့ပွဲလေးတစ်ခု ပြုလုပ်ဖို့ စိတ်ကူးလေးနဲ့
ရင်ခုန် နေမိတယ်.. မောင်ခေါ်လာမဲ့ ဖုန်းသံလေးကို စောင့်နေမိတယ်… ဒါပေမဲ့
နေ့လည်စာ စားပြီးချိန်ထိ သူ့ဆီက ဖုန်းခေါ်သံ မကြားရဘူး.. ညနေစာစားပြီးတဲ့
အချိန်ထိလည်း သူ့ရဲ့ ဖုန်းသံကို မရပါဘူး.. ကောင်းကင်တစ်ခုလုံး မဲမှောင်ပြီး
ညနက်ချိန် ရောက်တဲ့ထိလည်း မောင်က ကျွန်မဆီကို ဖုန်းမခေါ်ခဲ့ပါဘူး… ကျွန်မ
မောင့်ဆီက ဖုန်းခေါ်သံကို စောင့်ဖို့ အင်အားလဲ မရှိတော့ပါဘူး… ရင်ထဲမှာ
စိတ်ပျက်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ပင်ပန်း ငြီးငွေ့ခြင်းများနဲ့ ကျွန်မရင်ခွင်
တစ်ခုလုံး နွမ်းလျှလို့ နေပါပြီ..



မောပန်း နွမ်းနယ်စွာနဲ့ အိပ်ပျော်သွားတဲ့ ကျွန်မကို ရုတ်တရက်
လန့်နိုးစေလိုက်တာက ဖုန်းခေါ်သံလေးတစ်ခုပါ… နာရီကြည့်လိုက်တော့ မနက်
၂နာရီရှိနေပြီ.. ဖုန်းကို ကောက်ကိုင်ပြီး ထူးလိုက်တော့
မျှော်လင့်စောင့်စားခဲ့ရတဲ့ မောင်ရဲ့အသံ.. မောင်က ကျွန်မကို အိမ်အပြင်ဘက်
ခနထွက်လာဖို့ ပြောပါတယ်… ကျွန်မရင်ထဲမှာ ပျော်ရွင်ခြင်းများစွာနဲ့
အိမ်အပြင်ကို ပြေးထွက်လာခဲ့မိတယ်..


“မောင်”



“ဒီမှာ…. ရော့ ဒါကိုယူ ” ထုံးစံအတိုင်း မောင့်လက်ထဲမှာ အရုပ်လေးတစ်ရုပ်



“ဒါက ဘာလဲ..” ကျွန်မ မောင့်ကို မေးလိုက်တယ်..


“ငါ မနေ့က နင့်ကို မပေးလိုက်ရဘူးလေ.. အဲဒါ အခုလာပေးတာ ..ငါအခု
အိမ်ပြန်တော့မယ် …. တာ့တာနော်”



“မောင် ခနလေး ..ခနလေး စောင့်ပါဦး .. ဒီနေ့ဘာနေ့လဲ မောင်သိရဲ့လား”



“ဒီနေ့ .. ဟမ်… မသိဘူး”



ကျွန်မ အရမ်းကို ၀မ်းနည်းသွားမိပါတယ်.. ကျွန်မထင်ခဲ့တာက သူဟာ ကျွန်မမွေးနေ့ကို
သတိတရ ရှိလိမ့်မယ်လို့ ဒါပေမဲ့ သူကတော့ ဘာမှ မဖြစ်သလိုဘဲ ကျွန်မရှေ့ကနေ
လှည့်ထွက် သွားခဲ့တယ်.. ကျွန်မ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိတော့ဘဲ
အော်လိုက်မိတယ်..



“မောင် ခနနေဦး ”



“ဘာလဲ .. တစ်ခုခုပြောစရာရှိလို့လား”



“မောင် နင်ငါ့ကိုပြောစမ်းပါဦး နင်ငါ့ကို တကယ်ချစ်ရဲ့လား.. ငါ့ကို
တကယ်ချစ်တယ်ဆိုရင် နင်ဒီနေ့ ငါ့ကိုချစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့ပါ”



“ဘာ.. နင်ရူးနေလား”



“ပြောစမ်းပါ မောင်ရဲ့ .. နင်ငါ့ကို ပြောစမ်းပါ…” ကျွန်မ အသံက သနားစရာ
ကောင်းလောက်အောင် တုန်ခါနေတယ်.. မောင့်ရဲ့ လက်တွေကို လှုပ်ခါပြီး တောင်းပန်
တိုးလျှိုး ပြောနေမိပါတယ်..


ဒါပေမဲ့ မောင့်ဆီက ပြန်ရလိုက်တဲ့ အေးစက်စက် စကားလုံးတွေက ကျွန်မအသည်းကို
ဓါးထက်ထက်နဲ့ မွန်းလိုက်သလိုပါဘဲ….



“ချစ်တယ်ဆိုတဲ့ စကားလုံးကို ငါ ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူ မပြောချင်ဘူး.. မင်း
ဒီလောက်တောင် ကြားချင်နေတယ် ဆိုရင်တော့ တစ်ခြား တစ်ယောက် ယောက်ကို ရှာချင်
ရှာလိုက်တော့”


ဒီစကားကို ချန်ထားရစ်ပြီး သူပြေးထွက်သွားပါတယ်.. ကျွန်မခြေထောက်တွေ ဆက်လက်
ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး.. မြေပြင်ပေါ်ကို ပြိုလဲကျသွားပါတယ်.. မောင်က
ချစ်တယ်ဆိုတဲ့ စကားကို အလွယ်တကူ မပြောချင်ဘူးတဲ့လား.. သူဘယ်လိုများ
ပြောထွက်လိုက်တာပါလိမ့် .. ကျွန်မသိလိုက်ပါပြီ.. မောင်ဟာ ကျွန်မအတွက်
ထိုက်တန်တဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါဘူး..


အဲဒီနေ့က စပြီး အိမ်ထဲအိမ်ပြင်မထွက်ဘဲ ကျွန်မငိုကြွေးနေခဲ့မိပါတယ်..
နေ့စဉ်ရက်ဆက် ငိုနေမိတာပါ.. မောင်ကတော့ နေနိုင်လွန်းပါတယ်.. ကျွန်မ စောင့်နေ
ခဲ့ပေမဲ့ ဖုန်းတစ်ချက်တောင် ဆက်ဖော်မရခဲ့ပါဘူး… ဒါပေမဲ့ ကျွန်မရဲ့ အိမ်အပြင်
ဘက်မှာတော့ အရုပ်ကလေးတစ်ရုပ်ကို မနက်တိုင်း မနက်တိုင်း လာထားနေဆဲပါ..
အခန်းထဲမှာလည်း အရုပ်တွေနဲ့ ပြည့်လို့နေပါပြီ..


တစ်လလောက်ကြာတော့ ကျွန်မကိုယ့်ကိုယ်ကို အားတင်းပြီး ကျောင်းကို
ထွက်လာခဲ့ပါတယ်.. ဒါပေမဲ့ ကျောင်းမရောက်ခင် ကျွန်မရင်ကို နာကျင်စေမဲ့ မြင်ကွင်း
တစ်ခုကို မြင်လိုက် ရတယ်.. မောင်ရယ်လေ. ကောင်မလေး တစ်ယောက်နဲ့ ..
သူ့မျက်နှာပေါ်မှာလည်း ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ အပြုံးတွေနဲ့ ရွှန်းလက်
တောက်ပလို့.. ကျွန်မကို ဒေါသ ထွက်စေတဲ့ အရာက မောင့်လက်ထဲမှာ ကိုင်လာတဲ့
အရုပ်ကလေး တစ်ရုပ်.. ကျွန်မ အိမ်ဘက်ကို အားကုန် ပြန်ပြေးခဲ့မိတယ်..



အိမ်ခန်းထဲကို ရောက်တော့ တစ်ခန်းလုံး ပြည့်လုမတတ် ရှိနေတဲ့ အရုပ်တွေကို
ကြည့်ပြီး မျက်ရည်တွေ တားဆီးမရအောင် ကျလာမိတယ်… ဘာလို့များ ဒီအရုပ်တွေ
ကျွန်မကို ပေးခဲ့တာတဲ့လဲ… ဒီအရုပ်တွေဟာ သူ တစ်ခြား ကောင်မလေးတွေ ဆီက ရလာတဲ့
အရုပ်တွေ ဖြစ်နိုင်သားဘဲလေ.. ဒေါသစိတ်နဲ့ အရုပ်တွေကို လွှင့်ပစ်နေမိတယ်..
ဒီအချိန်လေးမှာဘဲ ရုတ်တရက် ဖုန်းမြည်သံပေါ်လာတယ်… မထင်မှတ်ထားဘဲ မောင့်ဆီက
ဖြစ်နေတယ်.. မောင်က ကျွန်မတို့ အိမ်အနားက ဘတ်စ်ကား မှတ်တိုင်ကို ခန ထွက်လာဖို့
ပြောတယ်.. ကျွန်မ စိတ်တွေ တည်ငြိမ်အောင် ကြိုးစားပြီး ကားမှတ်တိုင်ကို
လျှောက်လာခဲ့တယ်. ကိုယ့်ကိုယ်ကိုလည်း သတိပေး နေမိတယ်.. ငါသူ့ကို မေ့အောင်
ကြိုးစားတော့မယ်.. ငါဒီဇာတ်လမ်းကို ဒီနေ့မှာဘဲ အဆုံး သတ်တော့မယ်..



ကျွန်မ မြင်ကွင်းထဲကို အရုပ်ကြီး တစ်ရုပ်ကို လက်က ကိုင်ထားပြီး သူ
ရောက်လာတယ်.. ပြီးတော့ စကား စ ပြောပါတယ်..



“ နင်ငါ့ကို စိတ်ပျက်သွားပြီလို့ ထင်နေခဲ့တာ .. နင်တကယ် ထွက်လာတယ်နော် ” တဲ့



ကျွန်မ သူ့ကို မုန်းလိုက်တာလေ.. သူနဲ့ ကျွန်မကြားမှာ ဘာမှကို ပြဿနာ
မဖြစ်ခဲ့သလိုနဲ့ .. သူ သရုပ်ဆောင် တော်တော်ကောင်းပါတယ်.. ပြီးတော့
သူ့ထုံးစံအတိုင်း အရုပ်ကလေးကို ကျွန်မရှေ့ကို ထိုးပေးလိုက်တယ်..


“ငါ နင့်ဆီက အရုပ်တွေကို မလိုချင်တော့ဘူး … နောက်ကို ဘယ်တော့မှလဲ ငါ့ကို
ပေးဖို့ မကြိုးစားနဲ့တော့”



“ဟင် .. ဘာဖြစ်လို့လဲ..” သူက ဘာမှ မသိ နားမလည်တဲ့ လေသံလေးနဲ့ ကျွန်မကို
ပြန်မေးနေတယ်..



ကျွန်မ သူ့လက်ထဲက အရုပ်ကို ဆွဲယူလိုက်ပြီး. လမ်းမပေါ်ကို လွှင့်ပစ်လိုက်တယ်..



“ ငါ နင့်အရုပ်တွေကို မလိုချင်တော့ဘူး… နောက်လည်း ဘယ်တော့မှ မလိုတော့ဘူး..
နင့်လိုကောင်ရဲ့ မျက်နှာကိုလည်း ငါ ထပ်မတွေ့ချင်တော့ဘူး…”



ကျွန်မရင်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့ စကားလုံးတွေနဲ့ သူ့ကို အဆက်မပြတ်
ပစ်ပေါက်နေမိတယ်.. ဒါပေမဲ့ အရင်နေ့တွေက အေးစက်စက် အမူအရာတွေနဲ့ မတူဘဲ
မောင့်မျက်လုံးထဲက နာကျင်ရိပ်တွေ ထိတ်လန့်တုန်လှုပ်နေတဲ့ ချောက်ခြားခြင်း
တွေကို မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်..

“ ငါ ၀မ်းနည်းပါတယ်ဟာ… နင်ဒီလောက် ဒေါသဖြစ်နေမယ်မှန်း
မသိခဲ့ပါဘူး..ငါ့ကိုခွင့်လွှတ်ပါ ”



မောင့်နှုတ်က တောင်းပန်တဲ့အသံတိုးတိုးလေး ထွက်လာတယ်.. မောင့် အသံထဲမှာ
နာကျင်ခြင်းတွေနဲ့ ပြည့်လို့….



ပြီးတော့ မောင်က ကျွန်မလွှင့်ပစ်လိုက်တဲ့ အရုပ်လေးကို ကောက်ဖို့ ကားလမ်းမပေါ်ကို
လျှောက်သွားတယ်…



“ နင်.. အရူးဘဲ .. ဘာလို့ ဒီအရုပ်ကို ကောက်နေသေးလဲ ..လွှင့်ပစ်လိုက်ပါလား”



ဒါပေမဲ့ မောင်က ကျွန်မစကားကို မကြားသလိုနဲ့ အရုပ်ကလေးဆီ လျှောက်သွားနေတယ်..
အဲဒီအချိန်မှာ ကျယ်လောင်တဲ့ ကားဟွန်းသံနဲ့ ကြီးမားလှတဲ့ ထရပ်ကားတစ်စီးက
မောင့်ဆီကို တည့်တည့်ကြီး ဦးတည်ပြီး သွားနေတယ်….



*“မောင်ရေ.. ကားလာနေပြီ ….ကား ..” “ အမြန်ပြေး” *



ကျွန်မအသံကုန် အော်လိုက်မိတယ်.. ဒါပေမဲ့ မောင်က ကြားပုံမရဘူး..
ထိုင်ချလိုက်ပြီး အရုပ်ကလေးကို ငုံ့ကောက်လိုက်တယ်..



*“မောင်ရေ.. ကား”
*

*ဒုန်း * ဆိုတဲ့ ကျယ်လောင်လှတဲ့ ကြောက်စရာ အသံကြီးကို နောက်ဆုံး
ကြားလိုက်ရတယ်..



အဲဒီကတည်းက မောင်ဟာ ကျွန်မရဲ့ အနားကနေ ထွက်ခွာသွားခဲ့ပါတယ်.. သူထွက်သွားတဲ့
အချိန်ထိ မျက်လုံး တစ်ချက်မှ မဖွင့် စကားလည်း တစ်ခွန်းမှ ကျွန်မကို
ပြောမသွားခဲ့ပါဘူး…



အဲဒီနေ့ကစပြီး ကျွန်မဟာ မောင်သေဆုံးရခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်ခြင်း၊
ဝမ်းနည်းပူဆွေးခြင်း တွေနဲ့ အရူးတစ်ယောက်လို ဖြစ်နေခဲ့တာ ၂လလောက် ကြာခဲ့ပါပြီ..
အခန်းထဲမှာ မောင်ပေးခဲ့တဲ့ အရုပ်တွေကြားထဲ ထိုင်ပြီး မောင့်ကို နေ့တိုင်း သတိရ
လွမ်းဆွတ် ငိုကြွေးနေမိပါတယ်.. ဒီအရုပ်တွေဟာ ကျွန်မတို့၂ယောက် ချစ်သူတွေ ဘဝ
ရောက်ကတည်းက မောင်ပေးခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်တွေပါဘဲ.. မောင်ပေးခဲ့တဲ့
အရုပ်ကလေးတွေကို တစ်ခုခြင်း ကောက်ပြီး ရေတွက်နေမိရင်း ချစ်သူဘ၀ အချိန်တွေကို
တစ်ရက်ခြင်း ပြန်အမှတ်ရ နေမိပါတယ်..


တစ် , နှစ် , သုံး , လေး …



လေးရာ ရှစ်ဆယ့်လေး… လေးရာ့ရှစ်ဆယ့်ငါး စုစုပေါင်း လေးရာ့ရှစ်ဆယ့်ငါးခု
တိတိရှိပါတယ်.. ကျွန်မ ရှိုက်ကြီးတငင် ငိုကြွေးမိပြန်ပါတယ်.. အရုပ်ကလေးကို
တင်းကြပ်စွာပွေ့ဖက်ရင်း ငိုကြွေးနေမိတယ်..

ရုတ်တရက်

* *

*နင့်ကိုငါ ချစ်တယ်.. နင့်ကို ငါချစ်တယ်*..



ကျွန်မ အရုပ်ကလေးကို ထိတ်လန့်တကြား လွှတ်ချလိုက်မိပါတယ်..



အရုပ်ကို ပြန်ကောက်လိုက်ပြီး ဗိုက်ကလေးကို ဖိလိုက်မိတော့

* *

*နင့်ကို ငါချစ်တယ်..*တဲ့



ရှိသမျှ အရုပ်တွေအားလုံးကို တစ်ခုချင်း ကောက်ယူပြီး ၀မ်းဗိုက်တွေပေါ်
ဖိလိုက်တိုင်း
* *

* *

*နင့်ကို ငါချစ်တယ်.
နင့်ကို ငါချစ်တယ်..
နင့်ကို ငါချစ်တယ်..*



အဲဒီအသံတွေဘဲ မရပ်မနား ထွက်လာပါတယ်..

ကျွန်မ စောစောက ဘာလို့ သဘောမပေါက်ခဲ့မိရတာပါလဲ….. မောင့်အသည်းနှလုံးဟာ
အစောကတည်းက ကျွန်မရဲ့ဘေးမှာ အတူတူ ရှိနေခဲ့တာပါလား… မောင်ကျွန်မကို
ဒီလောက်ချစ်တယ်ဆိုတာ ဘာလို့များ မသိခဲ့ရပါလိမ့်.. ကျွန်မအရုပ်ကလေး တစ်ရုပ်ကို
ကုတင်အောက်က ကောက်ယူလိုက်တယ်.. ခုနက ၄၈၅ ရုပ်တွေနဲ့ မတူဘဲ ထူးထူးခြားခြား
ကြီးမားနေတဲ့ အရုပ်ကလေး … ဒီအရုပ်ကလေးဟာ မောင်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့နေ့က
ကျွန်မကို မောင်ပေးခဲ့တဲ့ အရုပ်လေး.. ကျွန်မလမ်းပေါ်ကို လွှင့်ပစ် လိုက်မိတဲ့
အရုပ်လေးပါ .. အရုပ်လေးမှာ မောင့်ကိုယ်ပေါ်က သွေးစက်လေးတွေတောင် ခုချိန်ထိ
စွန်းပေ နေသေးတယ်.. အရုပ်ကလေးကို လက်နဲ့ ဖိချ လိုက်တော့ ကျွန်မ လွမ်းဆွတ်
တမ်းတနေတဲ့ မောင့်ရဲ့အသံလေး ထွက်လာတယ်..

* *

*“ဒီနေ့ဘာနေ့လဲ ဆိုတာ နင်သိလား… ငါတို့၂ယောက်ချစ်ခဲ့ကြတာ
၄၈၆ရက်ပြည့်တဲ့နေ့လေ.. ၄၈၆ ဂဏန်းဟာ ဘာအဓိပ္ပါယ်လဲ ဆိုတာ နင်သိတယ် မဟုတ်လား…
နင့်ကို ငါချစ်တယ် ဆိုတဲ့ စကားကို မပြောဖြစ်ခဲ့တာက ဒီစကားကို ငါ့ပါးစပ်က
ပြောရမှာ သိပ်ရှက်လို့ပါ… ဒါကြောင့်လဲ အရုပ်ကလေးတွေကို ငါ့ကိုယ်စား
ပြောပေးဖို့အတွက် နင့်ကိုငါ နေ့တိုင်းပေးခဲ့တာပါ… နင်ငါ့ကို ခွင့်လွှတ်တယ်ဆိုရင်
ဒီအရုပ်လေးကို လက်ခံပါနော်… နင့်ကို ငါသိပ်ချစ်ပါတယ်.. နောက်ကို နင့်ကို
သိပ်ချစ်တယ်ဆိုတာ ငါအမြဲပြောပါ့မယ်.. နေ့တိုင်းပြောပါ့မယ်.. ငါသေတဲ့အထိ နင့်ကို
ချစ်တယ်လို့ပြောပါ့မယ်.. နင့်ကို ငါအရမ်းချစ်ပါတယ်.. ကောင်မလေးရယ်..” *



ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်တွေ မြစ်လိုဘဲ စီးဆင်းလာပါတယ်.. ကံတရားက
ဘာလို့များ ဒီလောက် ရက်စက်ရတာလဲ မောင်ရယ် .. နင့်အချစ်တွေကို ဘာလို့များ
နင်သေဆုံးပြီးချိန်မှ ငါသိခွင့် ရလိုက်တာလဲ.. ခုချိန်မှ ငါသိလိုက်ရတော့ နင်က
ငါ့ဘေးမှာ မရှိတော့ဘူးလေ.. နင်ဟာ ငါ့ကို နောက်ဆုံး စက္ကန့်အထိ ချစ်သွားခဲ့တယ်
ဆိုတာ ငါယုံပါပြီမောင်ရယ်.. ခုတော့ ငါတစ်ယောက်တည်း နင်ပေးခဲ့တဲ့
အရုပ်တွေကြားမှာ ဖြေမဆည်နိုင်တဲ့ နောင်တတွေနဲ့ ပူဆွေးရင်း သောကတွေနဲ့
လောင်မြိုက် နေရပါပြီ မောင်ရယ်…..

—————————————————————————————————————————————-

အချစ်ဆိုတာ တကယ်တမ်းတော့ မိမိရရ ဖမ်းဆုပ်ဖို့ခက်ခဲလှပါတယ်.. တစ်ခါတစ်ရံ
ကိုယ့်လက်ထဲ ရောက်ရှိလာတဲ့အချစ်ဟာ နားလည်မှု လွဲမှားတဲ့အခါ လက်ထဲက ပြန်လွှတ်ထွက်
သွားတတ်ပါတယ်.. နားလည်မှု လွှဲမှားလို့ လမ်းခွဲခဲ့ကြတဲ့ ချစ်သူတွေ ဘယ်လောက်တောင်
များကြပြီလဲ… တစ်ချို့သူတွေက ရင်ထဲကမပါပေမဲ့ စကားတွေကို တန်ဆာဆင်ပြီး
သိုင်းဝိုင်းဖွဲ့နွဲ့လို့ ပြောတတ်ကြပေမဲ့ အချို့ကျတော့ ရင်ထဲမှာ
ရှိသည့်တိုင်အောင် ပါးစပ်က ထုတ်ဖော် မပြောတတ် ကြပါဘူး… ချစ်ကြသူတွေ
တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်အောင် ကြိုးစားသင့်လှပါတယ်.. နားလည်မှု လွဲလို့
ခွဲခွာကြရတဲ့အခါ ခံစားရတဲ့ နာကျင်ခြင်း တွေက ပူလောင်မှုတွေဘဲ မဟုတ်ပါလား…
ဒီဇာတ်လမ်းလေးက တစ်ခုခုကို သေချာအောင် မဆန်းစစ်သေးဘဲ ဆုံးဖြတ်ချက် အလျှင်စလို
မချသင့်ကြောင်းကို သင်ခန်းစာ ပေးနေပါတယ်.. ဒါကြောင့် ကိုယ့်လက်ထဲက
အချစ်ဆိုတဲ့အရာလေးကို သေချာ ဖမ်းဆုပ်မိနိုင်ဖို့အတွက် နားလည်မှုလေးနဲ့ တည်ဆောက်
နိုင်ကြပါစေ….

No comments:

Post a Comment